Friday, September 10, 2010

အရေးကြီး ကသွီးနီးရမယ်

ပါမောက္ခ ဒေါက်တာအေးကျော်နှင့် အင်တာဗျူး


9/10/2010
Adjust font size:  

ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ်တွင် မွေးဖွားခဲ့သည်။


ဒေါက်တာအေးကျော် ဆည်းပူး ရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည် တို့ ဖြစ်သည်။

ဒေါက်တာအေးကျော်သည် ယခုအခါ အမေရိကန်တွင် နေထိုင်သည်။ ဆရာကြီင်္း ဒေါက်တာ အေးကျော်မှာ ရခိုင်တမျိုးသားလုံးက လေးစားရိုသေသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်သာမက လက်ရှိ မြန်မာနိုင်ငံရေး ရခိုင်နိုင်ငံရေး အပေါ် မျက်ခြေ မပြတ် လေ့လာ သုံးသပ် ကျွမ်းဝင်နေသူ တစ်ဦးလည်း ဖြစ်သည်။ရခိုင် အမျိုးသား ပညာတတ်များ ကြံ့ဖွတ်ပါတီနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်ရန် စီစဉ်နေမူအပါအ၀င် ၂၀၁၀ ရွေးကောက်ပွဲ၊ ရခိုင်အမျိုးသားများ အနာဂတ် အခြေအနေများကို ဆရာကြီးကို မေးမြန်းရာ အောက်ပါ အတိုင်း ဖြေဆိုထားပါသည်။

--------------------------------------------------------------------------------------------

မေး။ ။ ကျွန်တော်တို့ လေ့လာစုံစမ်းကြည့်တဲ့အခါ ရခိုင်ပြည်သူတွေက လက်ရှိ စစ်အစိုးရ အပေါ် အထူး နာကျည်းချက်တွေ ရှိနေပြီး သူတို့ ထူထောင်ထားတဲ့ ကြံ့ဖွံ့ ပါတီကိုလည်း မလိုလားတာ ကိုတွေ့ရပါ တယ်။ ဒါပေမယ့် ရခိုင်ပညာတတ်တွေ အထူးသဖြင့် ပြည်သူတွေ လေးစားတဲ့ ဆရာဝန်တွေဟာ စစ်အစိုးရ ထူထောင်ထားတဲ့ ကြံ့ဖွံ့ပါတီက ၀င်ရောက်ပြီး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ လုပ်နေတာကို တွေ့ရပါတယ်။ အဲဒီ အပေါ် ဆရာကြီးရဲ့အမြင်ကို သိပါရစေ။

ဖြေ။ ။ ကြံဖွံပါတီဆိုတာက အစိုးရပါတီ၊ အစိုးရပါတီဆိုတာက စစ်အုပ်ချုပ်တဲ့ စစ်အာဏာကို တည်ထောင် နေတဲ့ အစိုးရရဲ့ ပါတီဖြစ်တယ်။ စစ်အစိုးရဟာ ပြည်သူတွေကို ဆန့်ကျင်တယ်။ ဒီမိုကရေစီကို ဆန့်ကျင်တယ်။ လူ့အခွင့်အရေးကို ဆန့်ကျင်တယ်။ အဲဒါကြောင့် စစ်အစိုးရကို လူတွေ မကြိုက်ဘူး။ နောက်တခုက စစ်အစိုးရ အုပ်ချုပ်တဲ့ သက်တမ်း ကြာလေ ကြာလေ ဖွတ်ကြိုးမှာ ပြာစု ဆိုသလို ပြည်သူတွေ မွဲပြာတွေ ကျလာတယ်။ တဒိဒိ တဒိဒိ အခုထိ ဆင်းရဲ နွမ်းပါးတာကို တွေ့ရတယ်။ ပြည်သူလူထုတွေအ နေနဲ့ဘာမှ အကျိုး ဖြစ်ထွန်း တာ မရှိဘူး။ အဲလို အကျိုးဖြစ်ထွန်းတာ မရှိတော့ တလမ်းသွား မောင်းစနစ်။ နောက်တခါ စစ်တပ်မှ စစ်တပ် ဆိုတဲ့ ၀ါဒ လွမ်းမိုးလာတဲ့ အတွက်ကြောင့် တိုင်းပြည်ဟာ အင်မတန်မှ နစ်နာ ဆုံးရှုံးမှု ရှိတယ်။ အဲလို နစ်နာ ဆုံးရှုံး မှုရှိတဲ့ အတွက်ကြောင့် ပြည်သူတွေဟာ ဘယ်သူမှ ဒီလို အစိုးရမျိုးကို မကြိုက်ဘူး။ အဲဒီတော့ ဒီလို အစိုးရမျိုးကို မကြိုက်ပေမယ့် ကြံ့ဖွံ့ဟာ အစိုးရ ပါတီဖြစ်နေတော့ တချို့တချို့ ရခိုင်ပြည်မှာရှိတဲ့ ပညာတတ်တွေလို့ ခေါ်တဲ့ ဆရာဝန်တွေဟာ ကြံ့ဖွံ့ပါတီမှာ ပါနေရတယ်ဆိုတာက ကျနော်မြင်တာကတော့ အကြောင်း နှစ်ခုရှိတယ်။ တခုက မပါရင်မဖြစ်လို့ ဖိအားပေးလို့ တနည်းအားဖြင့် စိုးရိမ်ပူပန်းမှု ဖြစ်နေရလို့ ပါဝင်တာ တပိုင်းဖြစ်တယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မိမိရဲ့ဆန္ဒအရ ပါဝင်တာ မဟုတ်ဘူး။ အလိုလို ကြောက်ရွံ့ပြီးတော့ ဖိအားပေးလို့ ပါဝင်ရတာဖြစ်တယ်။ ဒါက နံပါတ်တစ် အချက် နံပတ်နှစ် အချက်က ခုနားက ဆရာဝန်ပညာ ရှင်ဆိုတာဟာ သမိုင်းပညာရှင်တွေ မဟုတ်ဘူး။ အဲဒီတော့ သမိုင်း ပညာရှင်တွေ မဟုတ်တဲ့ အတွက်ကြောင့် သမိုင်းကို လေ့လေ့လာလာ ရှိတဲ့ လူတွေ ဖြစ်ချင်မှ ဖြစ်မယ်။ အဲဒီတော့ ရခိုင်သမိုင်း၊ ဗမာသမိုင်းကို လေ့လေ့လာလာ ရှိတဲ့လူတွေဟာ ဘယ်နည်းနဲ့မှ ကြံ့ဖွတ်မှာ မပါဝင် ချင်ကြဘူး။ ကြံ့ဖွတ်မှာ ပါဝင်သွားလို့ရှိရင် တသက်လုံး နှာမည်ကောင်း ရလာတဲ့လူတွေဟာ တသက်လုံး ချက်လာတဲ့ ဒန်ပေါက် ထမင်းအမွေး အကြိုင်ထဲမှာ မစင်တစက်ကျသွားသလို စားလို့မရ။ သောက်လို့မရ။ တသက်လုံး နှာမည်ပျက်သွားမယ့် အစဉ်အလာတွေရှိတယ်။ အဲဒါကြောင့် ဒီကြံ့ဖွတ်မှာပါတဲ့ ပညာရှင်တွေဟာ သူတို့ကိုယ်ကျိုး ကောင်းရင် ကောင်းလိမ့်မယ်။ ရခိုင်ပြည်သူ ပြည်သားအကျိုးတော့ ကောင်းလာမယ့် အကြောင်းတရား မမြင်ဘူး။ အချုပ်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ရခိုင်အမျိုးသားရေး ကိုသွယ်ဖီသွားတဲ့ သူတိုင်းဟာ ရခိုင်ပြည်အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မှာ မဟုတ်တော့ပါဘူး။

မေး။ ။ အခု ကြံ့ဖွံ့ပါတီက ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ရခိုင်ပညာတတ်တွေ ဆရာဝန်တွေဟာ တကယ်လို့ အနိုင်ရခဲ့ရင် ရခိုင်ပြည်နယ် တိုးတက်ရေးနဲ့ ရခိုင်လူထု ကောင်းစားရေးကို ဆောင်ရွက်နိုင်မလို့ ဆရာကြီး မြင်မိပါသလား။

ဖြေ။ ။ သူတို့ ပါလီမန် လွတ်တော် အမတ်တွေ အနေနဲ့ ဆောင်ရွက်နိုင်တဲ့ အပိုင်းဟာ နှစ်ပိုင်းရှိတယ်။ တပိုင်းက ဘာလဲ ဆိုလို့ရှိရင် သူတို့ရွေးကောက် တင်မြှောက်လိုက်တဲ့ နယ်မြေဒေသမှာ ကျောင်းလိုတယ် ဆိုရင် ကျောင်းပေးနိုင်တဲ့ အပိုင်းတွေရှိမယ်။ ဒါပေမယ့် တမျိုးသားလုံးနဲ့ ဆိုင်တဲ့ အမျိုးသား နိုင်ငံရေးမှာတော့ လုံးဝသုံးလို့ မရဘူး။ လုံးဝ ပါဝင်ခွင့်လည်း ရမှာ မဟုတ်ဘူး။ ပါဝင်လို့ ရှိရင်လည်း သူတို့ပါတီရဲ့ အရေးယူမှုကို ခံရနိုင်ဖွယ် ရှိတယ်။ ပါဝင်နိုင်မယ့် စွမ်းရည်လည်း မရှိဘူး။ အဲဒါကြောင်း ခုနားက ကျနော်ပြောတဲ့ အပိုင်း နှစ်ပိုင်း ထဲမှာ ဒေသတခုလုံးမှာ ပါဝင်တဲ့ ဥပမာ ကျောင်းဆောက် ပေးတာဟာ ရခိုင်ပြည် တိုးတက်တယ်လို့ ပြောလို့ မရဘူး။ ရခိုင်ပြည် တိုးတက်တယ်ဆိုတာက ရခိုင်တမျိုးသားလုံး တိုးတက်မှသာလျှင် ရခိုင်ပြည်တိုး တက်တာလို့ သတ်မှတ်လို့ရတယ်။ အဲလို တိုးတက်တဲ့အထဲမှာ ကျနော်ဖြစ်စေချင်တာက ရခိုင်ပြည်မှာ ရခိုင်သမိုင်းကို သင်ရ မယ်။ ဒါဟာ အရေးကြီးတဲ့ အချက်။ အဲဒီတော့ နောက်တချက်က ရခိုင်လူငယ်တွေဟာ ရခိုင်စာကို သင်ရမယ်။ ဒါလည်း အရေးကြီးတဲ့ အချက်တခု။ နောက်တခုက ရခိုင်ကျောင်းသား လူငယ်တွေဟာ ရခိုင်ယဉ်ကျေးမှု အနုပညာ နဲ့ ပတ်သက်တဲ့ ဓလေ့ထုံးစံတွေကို စနစ်တကျ သင်ပေးတဲ့ အတွက်ကြောင့် နောင်အခါမှာ ရခိုင်ပြည်အတွက် တာဝန်ကိုဖြစ်စေ မြန်မာပြည် တပြည်လုံး အတွက် ပေးအပ်တဲ့ တာဝန်ကို ဖြစ်စေ၊ ဆထက်တပိုး သယ်ပိုးဆောင် ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဘာကြောင့်လည်း ဆိုလို့ရှိရင် စင်္ကာပူနိုင်ငံမှာ သုံးလမ်းမောင် လေးလမ်းမောင်း စနစ် ရှိတယ်။ စင်္ကာပူနိုင်ငံမှာ တရုတ်စာလည်း သင်ရတယ်။ အင်္ဂလိပ်စာလည်း သင်ရတယ်။ မလေးစာလည်း သင်ရတယ်။ တမီးစာလည်းသင်ရတယ်။ အဲဒီတော့ လူတယောက်ဟာ စာတွေအများကြီး တတ်တဲ့အခါမှာ သူလိုချင်တဲ့ အချက်အလက်တွေနဲ့ တိုင်းပြည် တိုးတက်အောင် ဘာတွေ လုပ်မယ်ဆိုတဲ့ သူ့တို့စိတ်ထဲမှာ ပေါ်လာတာတွေကို အကောင်အထည်ဖေါ်လို့ ရတယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေဟာ ခုနားက ကြံ့ဖွတ်ပါတီမှာ ပါတဲ့လူတွေ ရခိုင်ပြည်တမျိုးသားလုံးရဲ့ အမျိုးသား အကျိုးတရားကိုတော့ ဘယ်နည်းနဲ့မှ မဆောင်ရွက်နိုင်ဘူး။ ဆောင်ရွက်ရင် ဘယ်သူနဲ့ သွားဆန့်ကျင်မလဲ ဗမာနဲ့ သွားဆန့်ကျင်မှာ သေချာတယ်။

မေး။ ။ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် ကျေးရွာတွေက လယ်သမားတွေ၊ ပညာတတ် လူငယ် တွေနဲ့ တွေ့တဲ့အခါ သူတို့က ကျောက်ဖြူမြို့နယ်မှာ ရခိုင်အခြေပြု အမျိုးသားပါတီတွေကို ထောက်ခံမူ တွေ အထူး တိုးပွားနေတယ်လို့ ပြောပါတယ်။ ရခိုင်အမျိုးသားပါတီတွေ မဲရမယ်လို့လည်း ပြောပါတယ်။ ပီးရင် ကျောက်ဖြူမှာ ပညာတတ်ကြီးတွေဟာ ရခိုင်အမျိုးသားပါတီတွေမှာ အခုအခါ တက်တက်ကြွကြွနဲ့ ဆောင်ရွက် နေကြတာကို တွေ့ရပါတယ်။ အရင်က ဒီလိုအခြေအနေမျိုး မရှိခဲ့ဘူးလို့သိရပါတယ်။ အဲဒီအပေါ်မှာကော ဆရာ ကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်က တောင်ကုတ်မြို့သားလို့ ပြောပေမယ့် ကျောက်ဖြူ မြို့သားလို့လည်း ကျနော်ကပြောလို့ရ တယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော် အမျိုးသမီးဟာ ကျောက်ဖြူသူပါ။ ရခိုင်သမ စစ်စစ်ပဲ။ နောက်တခုက ကျနော်ဟာ ကျောက်ဖြူ ကောလိပ်က ထွက်လာတဲ့ ကျောင်းသားဟောင်း တဦးဖြစ်တယ်။ အဲဒီတော့ ကျောက်ဖြူလို့ ပြောလိုက်လို့ ရှိရင် ကျောက်ဖြူဟာ ကျနော်မြို့ ဖြစ်တယ်။ ကျောက်ဖြူနယ်ဟာ ကျနော်နယ် ဖြစ်တယ်။ နောက်တခုက ကျောက်ဖြူမှာနေတဲ့၊ ကျောက်ဖြူခရိုင်မှာနေတဲ့ လူငယ်တွေ ကျောင်းနေဖက်တွေ ကျနော်မှာ အများကြီးရှိတယ်။ သံယောဇဉ်လည်းရှိတယ်။ အဲဒီတော့ ခုနားက မေးသလိုပဲ ကျောက်ဖြူနယ်မှာ ရှိတဲ့ ရခိုင်လူငယ်တွေ ပညာတတ်တွေဟာ ရခိုင်ပြည်ရဲ့ ဇာတိဖြစ်တဲ့ ရခိုင်အမျိုးသားရဲ့ အကျိုးကို သယ်ပိုး ဆောင်ရွက်မယ့် ပါတီကို ထောက်ခံအားပေးကြတယ်ဆိုတာဟာ ကျနော်အနေနဲက အင်မတန်မှ ၀မ်းမြောက် တယ်။ အင်မတန်မှလည်း ဂုဏ်ယူတယ်။ ကျနော်သူငယ်ချင်းတွေ ဒီအထဲမှာ ပါမှာပဲ ကျနော် တပည့် လက်သား တွေလည်းပါမှာပဲ။ ကျနော်သူငယ်ချင်းတွေကိုလည်း ကျနော်အများကြီး ချီးကျူးတယ်။ လေးစားတယ်။ နောက်တခုက ကျနော် တပည့် လက်သားတွေ ဆိုလို့ရှိရင်လည်း ကျနော်လေး စားတယ်။ ဘာကြောင့်လည်း ဆိုရင် နံပါတ်တစ်က အမြင်မှန်ရတာ။ အမြင်မှန်ဆိုတာ ဘာလည်းဆိုလို့ရှိရင် ဒီနေရာမှာ ကျနော်တို့ ရခိုင်တွေဟာ ရခိုင် အကျိုးကို ဆောင်ရွက်ရမယ်။ ရခိုင်တွေဟာ ရခိုင်တွေအကျိုးကို မဆောင်ရွက်ရင် ဘယ်သူမှ လာပြီးတော့ ဆောင်ရွက် ပေးစရာအကြောင်းမရှိဘူး။ တရုတ်ကလာပြီးတော့ ကူညီဖို့ အကြောင်းတရားမရှိ။ ကုလားကလည်း လာကူညီမယ့် အကြောင်းတရား မရှိ။ တရုတ်တွေ၊ ကုလားတွေ လာတယ်ဆိုတာက သူတို့ ကိုယ်ကျိုးအတွက် လာတာ။ ကျနော်တို့ ရခိုင်သူရခိုင်သား။ ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ ကောင်းစားရေးကို လာလုပ်တာ မဟုတ်ဘူး။ ဒါကို ကျနော်တို့က သတိပြုရမယ်။ နောက်တချက်က ဒီလို အမြင်မှန်ရတာဟာ အထူး ကောင်းတယ်။ ကိုယ့်မိ ကိုယ့်ဖရဲ့ ဇာတိသွေး ဇာတိမာန် ကိုယ့်မိကိုယ့်ဖရဲ့ ဘိုးဘီးဇူးဇိုင်က တည်ထောင်ခဲ့ကြတဲ့ ကျနော်တို့ ရခိုင်ပြည် ရခိုင်မြေဟာ အင်မတန် တန်ဖိုး ရှိတယ်။ ငါတို့ စောင့်ရှောက် ရမယ်ဆိုတဲ့ အမြင်မှန်ရတာဟာ ကိုယ့်မိကိုယ့်ဖရဲ့ မေတ္တာတရား ကိုယ့်မိ ကိုယ့်ဖရဲ့ စေတနာ၊ ကိုယ့်မိကိုယ်ဖရဲ့ ကျေးဇူး တရားကို ပြန်ဆပ်ရာရောက်တယ်။ ဒီလိုမှ မဟုတ်ပဲနဲ့ ကိုယ့်အိမ်မှာ မိဘတွေ ကျွေးမွေးလိုက်တဲ့ ထမင်းဟင်းကို စားပြီးတော့ ယောက္ခမအိမ်ကို သွားပြီး လယ်ထွန်တဲ့ အဖြစ်မျိုး ဖြစ်နေရင် ဒါဟာ အမေကျော် ဒွေးတော် လွမ်းသလို ဖြစ်နေလိမ့်မယ်။ နောက်တခုက ရခိုင်မှာ နယ်နမိတ်သတ် မှတ်ထားတဲ့ ရခိုင်ရိုးမ တောင်ဆိုတာ ရှိတယ်။ ဒီရခိုင်ရိုးမတောင်ကို ကျော်ပြီးတော့ အခြားပါတီကို ထောက်ခံ အားပေးနေရင် မှားတဲ့ သာဓကတွေ အများကြီးရှိတယ်။ အဲဒီအမှားလမ်းတွေကို မလိုက်မိဖို့ အတွက် အမြဲ သတိပြုရမယ်။ ဒီလို လမ်းမှားခဲ့လို့ ကျနော်တို့ ရခိုင်ပြည်သူပြည်သားတွေ လိုအပ်နေတဲ့ ပန်းတိုင်ကို မရောက်နိုင်တာဖြစ်တယ်။

မေး။ ။ နောက်တစ်ခုက ဆရာကြီးရဲ့ ချက်မြုပ်မြေ ဖြစ်တဲ့ တောင်ကုတ်ဟာ စစ်အစိုးရ ဆန့်ကျင်ရေး ဒီမိုကရေစီ အရေး အတွက် ရှေ့ဆုံးမှာ ပါခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အမျိုးသားရေး အပိုင်းမှာလည်း အတက်ကြွဆုံး မြို့နယ် တစ်ခု ဖြစ်ပြီး ဆရာကြီးတို့လို အမျိုးသားရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လာတဲ့ ခေါင်းဆောင်ကြီးတွေကို မွေးထုတ်ရာ အရပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသား ပါတီတွေ တောင်ကုတ်မှာ ရပ်တည်ခွင့် မရသလို ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း တစ်ဦးကိုတောင်မှ တင်သွင်းခွင့်မရခဲ့ဘူးလို့ သိရ ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးနဲ့ တစညကတောင်မှ တောင်ကုတ်မြို့နယ်အတွက် ကိုယ်စားလှယ်အပြည့် တင်သွင်း နိုင်ခဲ့ပြီး ရခိုင်အမျိုးသား ပါတီတွေက မတင်သွင်းနိုင်ခဲ့တာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ တောင်းကုတ်မြို့နယ်က ဒီမိုကရေစီလှုပ်ရှားမှု ရခိုင်အမျိုးသားရေးရာ လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ပါတယ်ဆိုတာဟာ အမှန်ပဲ။ အင်မတန်မှ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ပြောရရင် ၁၇၈၄-ခုနှစ် ဘိုးတော်မောင်ဝိုင်းဟာ ရခိုင်ပြည်ကို ကျူးကျော် သိမ်းပိုက်တဲ့အခါမှာ ပထမဦးဆုံး ရှေ့တန်းမှ ခေါင်းဆောင်ပြီး ရခိုင်ပြည်သူ အားလုံး အတွက် ခုခံ တော်လှန် ခဲ့တဲ့ ခေါင်းဆောင်ဟာ တောင်ကုတ်နယ်စား တန်းလွဲစားကျားရည်ဝတ် ဗိုလ်ကျော်ထွီး ဖြစ်ပါတယ်။ အဲဒီဗိုလ်ကျော်ထွီး ပထမဆုံး ခုခံတော်လှန်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဦးမောင်မောင်တင် ပြုစုတဲ့ ကုန်းဘောင်ဆက် မဟာရာဇာဝင်မှာ သုံးလေးကြောင်းလောက်ပဲ မှတ်တမ်း တင်ရေးထားပါတယ်။ ကျနော်ကိုယ်ပိုင်စာအုပ်မှာတော့ နောင်လာနောက် သားတွေ ဖတ်လို့ရှိရင် လွယ်လွယ်ကူကူနဲ့ တွေ့အောင်ဆိုပြီး မှင်နီနဲ့ တားထားပါတယ်။ တန်းလွဲကို ရောက်ဖူးသူ လူတိုင်းသိပါတယ်။ မြို့တောင်၊ ယမ်းတိုက်တောင်၊ သိမ်တောင် စတဲ့နေရာတွေဟာ အင်မတန်ရှေ့ကျတဲ့ နေရာတွေ ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ ကျောက်စာ တခုဖြစ်တဲ့ ယေဓမ္မာ ဂါထာ ကျောက်စာကို တန်းလွဲချောင်း ငလုံးမော်ရွာမှာတွေ့တယ်။ နောက်ပြီး မကြာမှီကပဲ ရွာမဘုန်းကြီးကျောင်း အနီးမှာရှိတဲ့ မောင်းထာင်းမှာ ဘုရားတဆူ ပေါ်လာတယ်။ ဓါတ်တော်တွေလည်း အများကြီးရတယ်။ အဲဒီ ဘုရားဆင်းထုတော်ရဲ့ အောက်ခြေမှာ ဗြဟ္မီး စာနဲ့တွေ့ရတယ်။ အဲဒီတော့ သမိုင်းကြောင်းအရ အလွန် ရှေးကျတဲ့ သမိုင်းကြောင်း ဖြစ်တယ်။ တောင်ကုတ်မြို့နယ်သူ မြို့နယ်သားတွေဟာ ရခိုင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ကျော်ထွီးရဲ့ သားသမီး မြေးမြစ်တွေ ဖြစ်တယ်။ အဲဒီ ဗိုလ်ကျော်ထွီးဟာ ရခိုင်ပြည်အနှံ စည်းရုံးပြီးတော့ ဘိုးတော်မောင်ဝိုင်ရဲ့ ကျူးကျော်မှုကို အပြန်အလှန်တိုက်ခဲ့တာ၊ ရခိုင်သမိုင်း မှတ်တမ်းမှာတော့ အကျယ်အ၀န်း အထောက်အထားတွေကို တွေ့ရတယ်။ ဒီအစဉ် အလာဟာ တောင်ကုတ် နယ်သူ နယ်သားတွေရဲ့ ရိုးတွင်းခြင်ဆီထဲမှာ ရှိနေတုံးပဲ ဖြစ်တယ်။ အဲဒါကြောင့် အခုလူငယ်တွေဟာ ရခိုင် တမျိုးသားလုံးရဲ့ အကျိုးအတွက် အနစ်နာခံပြီးတော့ ရှေ့တန်းက ပါဝင်ဆောင်ရွက်နေတာဟာ ဗိုလ်ကျော်ထွီးရဲ့ အစဉ်အလာကို ပြန်လည် ဖေါ်ထုတ် ခြင်းသာ ဖြစ်တယ်။ အဲဒါကြောင့် တောင်ကုတ်မြို့သူ မြို့သားတွေဟာ ဘိုးစဉ် ဘောင်ဆက်က တော်စပ်ခဲ့တဲ့ ရခိုင်အမျိုးသား ခေါင်းဆောင် တန်းလွဲစား၊ တောင်ကုတ်စားရဲ့ ကျေးဇူးကို ထောက်ထားမယ်ဆိုရင် ကြံ့ဖွတ်ပါတီကို တနယ်လုံးက သပိတ်မှောက်ဖို့ပါပဲ။ ဒီလောက် သမိုင်း အစဉ်အလာကြီးမားတဲ့ တောင်ကုတ် နယ်သူနယ်သားတွေရဲ့ ကြီးမားတဲ့ အစဉ်အလာကို ဆန့်ကျင်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီကို မဲဆန္ဒ ပေးခွင့်မရတာဟာ တောင်ကုတ် မြို့နယ်သူ မြို့နယ်သား တွေဟာ အင်မတန်မှ ရှက်စရာလည်း ကောင်းတယ်။ ၀မ်းနည်းစရာလည်းကောင်းတယ်။ ကျနော်က တောင်ကုတ်ကဆိုတော့ တော်တော် စိတ်မကောင်းဖြစ်တယ်။ မဖြစ်သင့်တာ ဖြစ်တယ်လို့လည်း ယူဆမိတယ်။

မေး။ ။ တောင်ကုတ်က ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီတွေကို လက်မခံဘူးဆိုပီး ရခိုင်ပြည်နယ်မှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေ ထွက်ပေါ်နေတာတွေကို ကျွန်တော်တို့ကြားနေရပါတယ်။ အဲဒီအပေါ် ဆရာ ကြီးက ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်က တောင်ကုတ်သားဆိုတော့ခါ တောင်ကုတ်က လူတွေကိုလည်း ကျနော် တယ်လီဖုံးနဲ့ မေးကြည့်တယ်။ နောက်တခါ စုံစမ်း ထောက်လှမ်း ကြည့်တဲ့ အခါမှာတော့ ရခိုင်တိုင်းရင်းသားကို အခြေခံတဲ့ ပါတီ တခုမှ ပါခွင့်မရဘူးလို့ သိရတော့ တောင်ကုတ်သားအနေနဲ့ ကျနော်အင်မတန်မှ ရှက်တယ်။ အင်မတန်မှ စိတ်မကောင်းလည်း ဖြစ်တယ်။ တောင်ကုတ်သားလို့ပြောပေမယ့် တောင်ကုတ်က ပါမောက္ခတယောက်က ဒီလိုပြောတယ်ဆိုတာ အင်မတန်မှအရေးကြီးတယ်။ ဘာကြောင့်လည်း ဆိုလို့ရှိရင် တောင်ကုတ်မြို့ရဲ့ အဖြစ်အပျက် အခြေအနေက တောင်ကုတ်မြို့မှာ ကြံ့ဖွတ်က တောင်ကုတ် မြို့စားလို ခံနေတဲ့ “ကျောက်တောင်”။ ကျောက်တောင် ဆိုတဲ့ သူက အားလုံး ဦးစီးဆောင်ရွက်လုပ်နေတဲ့အခါမှာ တောင်ကုတ် မြို့နယ် တခုလုံးဟာ ကျောက်တောင်ရဲ့ မြို့နယ်တခုလို ဖြစ်နေတယ်။ အဲဒီတော့ ဒီကျောက်တောင်က ဦးစီး လုပ်ပြီးတော့ အာဏာတွေ ယူပြီးတော့ အခြားခြားလူတွေကို သိမ်းသွင်းပြီးတော့ လုပ်တာ။ ထောက်လှန်းပြီး တမျိုး၊ ခြိမ်းခြောက်ပြီးတမျိုး၊ အဲလိုလုပ်တဲ့ အပြင် စီးပွားရေး အရလည်း ပါဝင်ဆောင်ရွက်တာကို တွေ့ရတယ်။ အဲဒီတော့ ကျနော်အနေနဲ့ ပြောချင်တာကတော့ခါ ဒိတောင်ကုတ်မြို့နယ်က ရခိုင်တိုင်းရင်းသားပါတီ ၀င်ခွင့်မရ ဘူးဆိုတာ ကျောက်တောင်က လုပ်တာ။ အဲဒီ ကျောက်တောင်ရဲ့ သြဇာအာဏာဟာ တောင်ကုတ်မြိုနယ်မှာ လွမ်းမိုးနေ သမျှ ကာလပတ်လုံး တောင်ကုတ်မြို့နယ်ဟာ ဘယ်တော့မှ မကောင်းစားဘူး။ ဘယ်တော့မှ ဒီမိုကရေစီ မရဘူး။ ကျနော်တို့ တောင်ကုတ်မြို့နယ်ဟာ အင်မတန်တိုးတက်တဲ့ မြို့နယ် ပညာတတ်တွေ အင်မတန်ထွက်တဲ့၊ ပညာရှင်တွေ အင်မတန်ထွက်တဲ့ မြို့နယ်ဖြစ်ပေမယ့် ဒီကျောက်တောင်လို စီးပွါးရေးကို အကြောင်းပြပြီး သြဇာလွမ်းမိုးတဲ့အခါမှာ ကျနော်တို့ ၂၁ ရာစုကို မသွားပဲ ၁၉ ရာစုကို ပြန်သွားနေတဲ့ မြေရှင် ပဒေသရာဇ် စနစ် တောင်ကုတ်နဲ့ တူတယ်။ တောင်ကုတ်ဟာ အင်မတန် ခေတ်နောက်ကျ သွားမယ်။ အဲဒီတော့ ဒီလို တယောက်တည်း လက်ဝါးကြီးအုပ်စနစ်ကို တောင်ကုတ်မြို့သူမြို့သား၊ တောင်ကုတ်မြို့နယ်မှာ ရှိတဲ့ ပြည်သူတွေ အားလုံးဟာ တော်လှန် ပစ်ရမယ်။ အမြစ်ဖြတ်ပစ်ရမယ်။ ဒီလိုအမြစ် ပြတ်သွားမှ ကျနော်တို့ တောင်ကုတ်မြို့နယ်ဟာ ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်အပင် ကိုယ့်အခြေအနေနဲ့ တိုးတက်ဖွံ့ဖြိုးလာတဲ့ မြို့နယ် တနယ်ဖြစ်မှာ သေချာတယ်။ ဒါမှမဟုတ်ရင် ဘယ်တော့မှ မတိုးတက်၊ ဘယ်တော့မှ လူရာမ၀င် ဖြစ်သွားမယ်။

မေး။ ။ ပြည်ပမှာ ရောက်ရှိနေတဲ့ ရခိုင်အမျိုးသားတွေဟာ အခုအခါ တောင်ပိုင်း မြောက်ပိုင်းဆိုတဲ့ စိတ်ထားတွေ မရှိဘဲ အထူး ညီညီညွတ်ညွတ်နဲ့ ရခိုင်အရေး အတွက် ဆောင်ရွက် လုပ်ကိုင်နေတာကို တွေ့ရပါ တယ်။ ရခိုင် တော်လှန်ရေးထဲက လူငယ်တွေထဲမှာလည်း ရမ်းဗြဲ ကျောက်ဖြူဘက်က လူငယ်တွေ ပိုများလာ တာကို တွေ့ရ ပါတယ်။ ဒါဟာ အမျိုးသားရေး အတွက် ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီထက်ပိုပီး ညီညွတ် အောင် ဘာတွေကို ရှောင်ပြီး ဘာတွေကို လုပ်သင့်တယ် ဆိုတာကို ဆရာကြီး ပြောပြ ပေးစေ ချင်ပါတယ်။

ဖြေ။ ။ ရခိုင်လူငယ်တွေဟာ တောင်ပိုင်းမြောက်ပိုင်း စိတ်ဓါတ်မရှိတာဟာ ကျနော်တို့ရခိုင်ပြည်အ တွက် အင်မတန်မှ အရေးကြီးတယ်။ အဲဒီတော့ မလေးရှားတို့ ထိုင်းတို့ကို ရောက်နေတဲ့ ရခိုင်လူငယ်တွေကို ကျနော် ရင်းရင်းနှီးနှီး တွေ့ဆုံခွင့် ရတယ်။ သူတို့ရဲ့ အခက်အခဲတွေကိုလည်း နေ့စဉ်နှင့်အမျှ ဖြေရှင်း ပေးနေပါတယ်။ မြောက်ပိုင်း တောင်ပိုင်း စိတ်ဝမ်း ကွဲပြားမှုဟာ တစစ ပျောက်ကွယ်သွားတာကိုတွေ့ရတယ်။ အခက်အခဲ အကြပ်တည်း တွေ့တဲ့ အခါမှာ ရခိုင်တွေကို ရခိုင်ကပဲ ကူညီ စောင့်ရှောက်ကြတယ်။ မည်သည့် အခြား လူမျိုးတွေမှ ရခိုင်တွေကို စောင့်ရှောက်တာကို မတွေ့ဖူးဘူး။ အဲဒီတော့ ရခိုင်ကို ရခိုင် စောင့်ရှောက်ရမယ်ဆိုတဲ့ အသိ စိတ်ဓါတ်ဟာ ရခိုင်လူငယ်ထဲမှာ စွဲစွဲမြဲမြဲ ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာ ရှိလာတယ်။ နောက်တချက်က ရခိုင် အနုပညာရှင်တွေ သီဆိုထားတဲ့ ဂန္ဒ၀င် မြောက် သီခြင်း တွေကို အဝေးရောက်ရခိုင်တွေ လွတ်လပ်စွာနား ထောင်နိုင်ခွင့်ရှိလို့လည်း ရခိုင်တွေရဲ့ စည်းရုံးမှုဟာ ပိုမိုခိုင်မှာ လာတယ်။ “မင်းလဲရခိုင် ငါလဲရခိုင်”ဆိုတဲ့ အယူအဆဟာ ရခိုင်လူငယ်တွေရဲ့ ရင်ထဲမှာ စွဲမြဲလာတယ်။ နောက်တချက်က ဗမာပြည်တွင်းမှာ ထုတ်ဝေခွင့် မရတဲ့ ရခိုင် သမိုင်းတွေ ရခိုင်နိုင်ငံရေး အတွေးအခေါ်တွေကို ရခိုင်လူငယ်တွေ လွတ်လွတ်လပ်လပ် ဖတ်ခွင့် လေ့လာခွင့်ရှိတဲ့ အတွက်ကြောင့် ရခိုင်တွေရဲ့ အမျိုးသားရေး စိတ်ဓါတ် ပိုမိုနိုးကြားလာတာနဲ့ အတူ မြောက်ပိုင်း တောင်ပိုင်း ခွဲခြားမှုလည်း ပျောက်ကွယ်လာခဲ့တယ်။ ရခိုင်အစ ဒွါရ၀တီက ဆိုတဲ့ ရခိုင်သမိုင်း အကြောင်း ကိုလည်း အားလုံး သူက နားလည် လာကြတယ်။ ကမ္ဘာ့ရှေးအဟောင်းဆုံး မြို့သုံးမြို့ထဲမှာ ဒွါရာဝတီ မြို့လည်း ပါဝင်တဲ့ အတွက်ကြောင်း ဂွသူ ဂွသား။ သံတွဲသူ သံတွဲသားတွေဟာလည်း အမျိုးသားရေး စိတ်ဓါတ် ပိုမိုနိုးကြား လာခဲ့တယ်။ ခွဲခြားမှု ကင်းလာခဲ့တယ်။

မေး။ ။ ကျွန်တော်တို့ လက်ရှိ ဆောင်ရွက်နေတဲ့ မီဒီယာထဲမှာ ရေဒီယိုရော၊ သတင်းစာရော၊ အွိင်လိုင်းရော၊ ၀က်ဆိုက်ရော အပြည့်အစုံရှိပါတယ်။ ရခိုင်ပြည်နဲ့ အနီးဆုံးနေရာမှာ ဆောင်ရွက်နေတဲ့အတွက် လူထု နားထဲကို ရောက်အောင်လည်း ဆောင်ရွက်နိုင်ပါတယ်။ ဆရာကြီးအနေနဲ့ ရခိုင်ပြည်သူတွေကိုရော၊ ကျောင်း သား လူငယ်တွေကို ပြောစရာ စကားတွေများ ရှိခဲ့ရင် ကျွန်တော်တို့ သူတို့ထဲကို ရောက်အောင် အတတ်နိုင်ဆုံး ပို့ဆောင်ပေးနိုင်ပါတယ်။ အဲဒီပြောချင်တဲ့ စကားတွေကို ပြောကြား ပေးစေလိုပါတယ်။ ဘာ ကြောင့် အဲဒီစကားကို အမှာပါးချင်ရတာလဲ ဆိုတာကိုလည်း နည်းနည်း ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ ရခိုင်ပြည်သူ ပြည်သားများနဲ့ ရခိုင်လူငယ်များကို ကျနော်ရဲ့ ဆန္ဒကို ပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန်မှ ကျေးဇူး တင်ပါတယ်။ ကျနော် ဖြစ်စေချင်တဲ့ အကြောင်းအရာတွေကို တင်ပြပါရစေ။ ရခိုင်တွေဟာ ရခိုင်ပီသအောင် ဦးစွာပထမ လုပ်ရမယ်။ ရခိုင်ဆိုတာဟာ အမျိုးကိုစောင့်တယ်။ သီလကိုစောင့်တယ်။ သီလထဲမှာ ဗုဒ္ဒဘာသာ ပါဝင်တဲ့ အပြင် ရခိုင်စကားလည်းပါတယ်။ အဲဒီတော့ ၇ခိုင်တွေဟာ ရခိုင်ပီသဖို့ အတွက် အဓိက အခြေခံနှစ်ချက် လိုအပ်တယ်။ တချက်က ဗုဒ္ဒဘာသာဖြစ်ဖို့။ နောက်တချက်က ရခိုင် စကားပြောဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ ရခိုင်တိုင်း ရခိုင်ဆရာတော်တိုင်းက လူနည်းစု တွေအပေါ်မှာ အထင်သေးတဲ့ စိတ်ဓါတ်တွေကို ဖျောက်ပစ်ရမယ်။ ဗုဒ္ဒဘာသာ ဖြစ်ဝင်ဖြစ် အောင် စည်းရုံး အားပေးရမယ့် တာဝန်ရှိတယ်။

မလေးရှားနိုင်ငံမှာတော့ မလေးရှားမှာလူငယ်တွေက (Ornag Malayu လို့ ပြောရင် မလေးနိုင်ငံသားဖြစ်ပြီး ၁၊ မူဆလင်ဖြစ်ရမယ်။ ၂။ မလေးစကားပြောရမယ်။ ဒီအတိုင်းပဲ Origin (ရခိုင်)လို့ပြောရင် ၁၊ ဗုဒ္ဓ္ဓဘာသာဖြစ် ရမယ်။ ၂၊ ရခိုင်စကား ပြောရမယ်။ ဒီအယူအဆဟာ အဝေးရောက် ရခိုင်တွေမှာ ပိုမို ခိုင်မာလာတယ်။ ဒီအချက်ကိုလည်း မြေတောင်မြောက်ပေး ရမယ်။ ရခိုင်ပြည် တိုးတက်ရေး အတွက် ကျနော်စိတ်တိုင်းကျလုပ်ရ မယ်ဆိုလို့ရှိရင် အသက် ၁၈ နှစ်ပြည့်တဲ့ လူငယ်တိုင်းဟာ ရခိုင်အမျိုးသားတပ်မတော် (Arakan National Guard) ကို အနည်းဆုံး ခြောက်လ၀င်ပြီး စစ်ပညာသင်ရမယ်။ ဒီလိုစစ်ပညာသင်ထားတာဟာ တကိုယ်တော် လုံခြုံရေး အတွက်လည်း အရေးကြီးတယ်။ ရခိုင်ပြည်လုံခြုံရေး အတွက်လည်း အရေးကြီးတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံ အတွက်လည်း အရေးကြီးတယ်။ အဲဒီတော့ ရခိုင်လူငယ်တွေဟာ ရခိုင်ပြည်စောင့် တပ်မတော်မှာ ၀င်ရောက်အမှု ထမ်းလို့ရှိရင် တယောက်နဲ့တယောက် အင်မတန် ရင်းနှီးပြီး ဆိုးတူကောင်းဖက် ဖြစ်သွားကြမယ်။ နောက်ပြီးတော့ ဒီသင်တန်းမှာ ကွန်ပျူတာကိုလည်း သင်ပေးမယ်။ အချုပ်အားဖြင့် ပြောရလျင် ရခိုင်ပြည်နယ်မှာ ရခိုင်သမိုင်းကို လူတိုင်း ရခိုင်တိုင်း သင်ခွင့်ရှိရမယ်။ ရခိုင်စာကိုလည်း ရခိုင်တိုင်းသင်ရမယ်။ တတ်ရမယ်။ ရခိုင်ယဉ်ကျေးမှု အနုပညာတွေကိုလည်း ရခိုင်တိုင်းနားလည်ရမယ်။ လေးစားရမယ်၊ နောက်ပြီးတော့ အရေးကြီး တဲ့ ကိစ္စက တယောက်နဲ့ တယောက် မသင့်မတင် ဖြစ်လာလို့ရှိရင် ပုဂ္ဂိုလ် ရေးရာကို ရှေ့တန်း မတင်ပဲ အမျိုးသားရေး ကိစ္စကိုသာလျှင် ရှေ့တန်းတင်ခြင်းအားဖြင့် စုစည်း ညီညာနိုင်မယ်။ နောက်အရေးကြီး တဲ့အချက်တခုက ရခိုင်တွေဟာ မြန်မာပြည်မှာလည်း လူနည်းစု မလေးရှား၊ ထိုင်း နိုင်ငံ၊ ဂျပန်၊ အမေရိကန် စတဲ့နိုင်ငံ တွေမှာလည်း လူနည်းစု၊ ဒီလို လူနည်းစု ဖြစ်တယ်ဆိုတဲ့ အချက်ကို သေအောင်ထိ စွဲစွဲမြဲမြဲမှတ်ပြီး လူအများစု ထက်တော်အောင် ကြိုးစားရမယ့် စိတ်ဓါတ်၊ ကြိုးစားချင်တဲ့စိတ်ဓါတ်၊ ကြိုးစားရမယ် ဆိုတဲ့ ခံယူချက် ခိုင်ခိုင်မာမာ ချမှတ်လာလို့ ရှိရင် ရခိုင်တွေဟာ ဒီထက် ပိုမို စည်းရုံးလာမယ်။ တော်လာမယ်။ ကျနော်ကတော့ ရခိုင်ပြည်ကို ကိုအစ္စရေးနိုင်ငံလိုဖြစ် စေချင်တယ်။ အစ္စရေးနိုင်ငံ ဖြစ်လာဖို့ အတွက် ဂျူးလူမျိုးတွေဟာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတယ်။ အစ္စရေးနိုင်ငံဟာ နှစ်ပေါင်း နှစ်ထောင်လောက် ပျောက်သွားတယ်။ ရခိုင်အချုပ်အခြာအာဏာ ပျောက်သွားတာ နှစ်ပေါင်း နှစ်ရာလောက်ပဲ ရှိသေးတယ်။ ဂျူးတွေဟာ ဥာဏအင်အား၊ ကာယအင်အား ပြည့်စုံအောင် သူမတူအောင် ကြိုးစားတယ်။ ကြိုးစားပြီးတော့ အစ္စရေးနိုင်ငံကို ပြန်လည်တည်ထောင်တယ်။ အဓိကက ရခိုင်တွေဟာ ရခိုင်ပြည်ကိုလိုချင်ရင် ဂျူးလူမျိုးတွေလို ဥာဏအား ကာယအား ရှိရမယ်။ ဥာဏအား ရှိဖို့အတွက် ရခိုင်လူငယ်တွေဟာ ပညာတတ်အောင် ဥာဏ အင်အား ကောင်းအောင် ကြိုးစားရမယ်။ ကာယအင်အားဆို သည်မှာ စစ်ပညာကို ကျွှမ်းကျင်ရမယ်။ အဲဒီ ကာယအင်အား ဥာဏအင်အားနဲ့ ပြည်စုံမှ အစ္စရေးနိုင်ငံ လိုဖြစ်လာမယ်။

နိဂုံးချုပ်အနေနဲ့ လူငယ်တွေကို ကျနော်ပြောချင်တာက လမ်းနှစ်လမ်းရှိတယ် တလမ်းကပျားရဲ့လမ်း၊ တလမ်းက ယင်လမ်း။ ပျားရဲ့ လမ်းဆိုတာက ပျားဟာ ဘယ်နေရာမှာ အမွေးဆုံး ပန်းပင်ရှိမလဲ ဆိုပြီး လိုက်ရှာ ကြတယ်။ အဲဒီအမွေးဆုံးပန်းပွင့်တွေက အရည်ကြည် လေးတွေကို စုတ်ယူလာပြီး ပျားသလက် အဖြစ် တည်ဆောက် ကြတယ်။ ဒီတော့ ရခိုင် လူငယ်တွေဟာလည်း ဘယ်နိုင်ငံ ဘယ်ဒေသကိုပဲရောက်ရောက် ခုနားက ပျားတွေလိုပဲ အနှစ်သာရရှိတဲ့ ၀တ်မှုန်ရည်တွေကို စုတ်ယူလာပြီး မိမိရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ကြရမယ်။ နောက်တခုက ယင်လမ်း ယင်တွေက ဘယ်နေရာမှာ အပုတ်အသိုး ရှိတယ် ဆိုတာကို သိကြတယ်။ ဒီတော့ ရခိုင်လူတွေကို ကျနော်မှာချင်တာက ယင်လမ်းစဉ်နဲ့ ပျားလမ်းစဉ်မှာ ဘယ်လမ်းစဉ်ကို လိုက်သင့်သလဲဆို တာကို မိမိတို့ရဲ့ အသိစိတ်ဓါတ်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ကြပါ။

ကျနော်တို့ ရခိုင်လူမျိုးတွေဟာ ဗုဒ္ဒဘာသာဝင်တွေဖြစ်ကြတယ်။ ဗုဒ္ဒဘာသာရဲ့ ပဌာန်း ကျမ်းဂန်ထဲမှာ အဓိပဓိ လေးပါးဆိုတာ ပါရှိတယ်။ အဲဒီ အဓိပဓိ လေးပါးဆိုတာက

၁။ စိတ္တအဓိပဓိ - စိတ်ထက်သန်အောင်လုပ်ရမယ်။ စိတ်ထက်သန်အောင် လုပ်တဲ့အခါမှာ လူတယောက်ဟာ မူယစ်ဆေးဝါးသုံးစွဲနေလို့ ဘယ်တော့မှ စိတ်ထက်သန်မှုကို မရဘူး။

၂။ ဆန္ဒအဓိပဓိ - မိမိဖြစ်ချင်တဲ့ ဆန္ဒ။ မိမိနိုင်ငံဖြစ်ချင်တဲ့ ဆန္ဒ။ ကျနော်ရဲ့ စိတ်ထဲမှာ တသက်လုံးရှိခဲ့တယ်။ ရခိုင်ပြည်ဟာ အနည်းဆုံး ဖက်ဒရယ်အဆင့် ဖြစ်ရမယ်။ အခု ဖက်ဒရယ်အဆင့်ကို ရအောင် ဆရာကြီးတို့က တိုက်ပွဲဝင်နေတာ။ ဖက်ဒရယ်အဆင့် ကျော်ပြီးတော့ ရခိုင်ပြည်ကိုရရင်တော့ အကောင်းဆုံးပေါ့။ ရခိုင်ပြည် ထက်ငယ်တဲ့ နိုင်ငံတွေ။ ရခိုင်ပြည်လောက် ဧရိယာမရှိတဲ့ နိုင်ငံတွေ ကမ္ဘာမှာ ၆၁ နိုင်ငံ ရှိတယ်။ ဒီတော့ ကျနော်တို့ ရခိုင်ပြည်ဟာ ဧရိယာကျဉ်းတယ်။ လူဦးရေ နည်းတယ်ဆိုပြီး ထည့်စဉ်းစားစရာမလိုဘူး။ အရေးကြီး တာက ရခိုင်သားတိုင်းဟာ ရခိုင်ပြည်ကို လိုချင်တဲ့ စိတ်ရှိရမယ်။

၃။ ၀ိရယ အဓိပဓိ - ၀ိရိယဆိုတာ ကိုယ်ဖြစ်ချင်တာတွေ (သို့) ကိုလိုချင်တာတွေကို ထပ်ခါအလီလီ၊ ထပ်ခါ အလီလီ မဖြစ်မချင်း ဆောင်ရွက်ခြင်းဟာ ၀ိရိယ အဓိပဓိ ဖြစ်တယ်။ တချို့မှာ ၀ိရိယ ရှိလိုက်တာ နှစ်လလောက် လည်းကြာ ရော ၀ိရိယ မရှိတော့ဘူး။

၎။ ၀ိမံသ အဓိပဓိ - လူတယောက် ကြီးပွား ချမ်းသာဖို့၊ နိုင်ငံတနိုင်ငံ ကြီးပွါးချမ်းသာဖို့ ဆိုတာ အတွေ့အကြုံ
ဗဟုသုတ လိုတယ်။ ပညာ ဗဟုသုတ လိုတယ်။ တနည်းအားဖြင့် ကာယအင်အားလည်း ရှိရမယ်။ ဥာဏ အင်အားလည်း ရှိရမယ်။ ကာယအင်အား၊ ဥာဏအင်အားကိုပေါင်းပြီးတော့ သမာသမတ် ယထာဘူတ ကျအောင် လုပ်ခြင်းဟာ တိုင်းပြည်အတွက်လည်း ကောင်းတယ်။ မိမိအတွက်လည်းကောင်းတယ်လို ပဌာန်း ကျမ်းဂန်မှာ တွေ့ရတယ်။

ဒီတော့ ဆန္ဒအဓိပဓိ၊ စိတ္တအဓိပဓိ၊ ၀ိရိယအဓိပဓိ၊ ၀ိမံသ အဓိပဓိ ဤအဓိပဓိ လေးပါးနဲ့ အညီ ပြည့်စုံ လာလို့ ရှိရင် ဘာကိစ္စမဆို မအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။ အဲဒီတော့ အထူးသဖြင့် ဒီနေ့ ရခိုင်လူငယ်တွေမှာ စာဖတ်ကြပါ။ ရောက်တဲ့ နေရာမှာ ပညာကို ထူးချွှန်အောင် သင်ကြပါ။ နောက်ဆုံးမှာချင်တာက ကျနော်ဆရာ အရင်းဖြစ်တဲ့ ပါမောက္ခ ဒေါက်တာသန်းထွန်းကို သူ့တပည့်တွေက မေးတယ် “ ဆရာကြီး သမိုင်းကို ဘာကြောင့်သင်သလဲ၊ ဆရာကြီး ဒေါက်တာသန်းထွန်းက - သမိုင်းကို သင်တာဟာ မအ အောင်လို့ သင်တာ”လို့ ဖြေပါတယ်။ အဲဒီတော့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ ဆုံးမသြ၀ါဒအရ ကိုယ့်သမိုင်းကိုတောင်မှ ကိုယ်မသိတဲ့ ရခိုင်တွေဟာ - လူအ - တွေ ဖြစ်ကြောင်းကို သတိထားကြပါ။ အဲဒါကြောင့် ရခိုင်ကျောင်းတွေမှာ ရခိုင်သမိုင်းကို သင်ရမယ်လို့ ကျနော် တသက်လုံး တင်ပြခဲ့ပါတယ်။ ရခိုင်သမိုင်း ရခိုင်ကျောင်းတွေမှာ သင်တာဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ အတွက် အလွန့်အလွန်ရေးကြီးပါတယ်။ ရခိုင်ပြည်ဟာ ဗမာပြည်ရဲ့ မိတ်ဆွေအရင်းအချာတွေပါ။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံနှင့် အိန္ဒိယတို့နဲ့ မိတ်ဆွေအရင်း အချာဖြစ်ဖို့ပဲ လိုပါတယ်။ ရခိုင်ပြည်လို့ ပေါ်လာလို့ အိမ်နီးနားချင်း နိုင်ငံတွေကို တိုက်ခိုက်ဖို့အတွက် မဟုတ်ဘူးဆိုတာ အားလုံးသူ နားလည်ထားသင့်တယ်။

(မူပိုင်- နိရဉ္စရာ သတင်းဌာန)

စက်တင်္ဘာ ၇-ရက် ၂၀၁၀