Sunday, February 27, 2011

မလေးသျှားဌာနခွဲ၏ လူထုတွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

မလေးသျှားဌာနခွဲ၏ လူထုတွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

(ရေးသားသူ) ခိုင်နိုင်လင်း                                                   နေ့ စွဲး။...         27.2.2011
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) မလေးသျှားဌာနခွဲ၏
နှစ်ပတ်လည် လူထုတွေ့ဆုံပွဲကို ယနေ့ နေ့လည်၌ မလေးသျှားရှိ တရုတ်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုအစည်းအဝေးသို့ မလေးသျှားရောက် ရခိုင်သူ၊ ရခိုင်သားများတက်ရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ တွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်များမှာ ပါတီ၏ လက်ရှိ အခြေအနေရေးရာများနှင့် ရှေ့ဆက်လုပ်ကိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ပြည်သူများသို့ တင်ပြဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ညီလာခံအား ရခိုင့်နိုင်ငံတော်သီချင်းရွတ်ဆိုခြင်း၊ ကျဆုံးလေပြီးသော ရခိုင့်ခေါင်းဆောင်များအား ဦးညွတ်အလေးပြုပြီး စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မလေးသျှားဌာနခွဲ၏ ဥက္ကဋ္ဌ ဦးမင်းတေဇမှ လက်ရှိရခိုင့်နိုင်ငံရေး အခြေအနေများနှင့် ရခိုင့်သမိုင်းအား တင်ပြပြောဆိုခဲ့သည်။ ပါတီမူဝါဒရေးရာ အကြံပေး ဦးသာထွန်းအောင်မှ ဥပဒေပြင်ပ ရခိုင့်နိုင်ငံရေးလှုပ်ရှားသုံးသပ်ချက်နှင့် အတွင်းရေးမှူး ဦးမျိုးခိုင်မှ  ဥပဒေဘောင်အတွင်း ရခိုင့်နိုင်ငံရေးလှုပ်ရှားမှုသုံးသပ်ချက်များကို တင်ပြပြောဆိုခဲ့သည်။ ထို့အပြင် ရှေ့လုပ်ငန်းစဉ်များအား ပရိုဂျက်တာများဖြင့် တင်ပြရှင်းလင်းခဲ့သည်။ ညနေ (၃) နာရီတွင် ညီလာခံအား ခေတ္တနားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူ ရခိုင်ပြည်သူလူထုမှလည်း လိုအပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် မိမိတို့၏ သဘောထားများကို ထောက်ပြဆွေးနွေးခဲ့ကြသည်။ လက်ရှိမလေးသျှားရောက် ရခိုင်သူ၊ ရခိုင်သားများ၏ အခက်အခဲများကို အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည်ဟု မလေးသျှားဌာနခွဲ၏ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တွေ့ဆုံပွဲအား နေ့လည် (၁) နာရီတွင်စတင်ခဲ့ပြီး ညနေ (၆) နာရီတွင် အမျိုးသားရေးကြွေးကြော်သံများဖြင့် အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။
ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မလေးသျှား၏ အတွင်းရေးမှူး ဦးမျိုးခိုင်မှ ကျင်းပရသည့် ရည်ရွယ်များအား ယခုလိုပြောကြားခဲ့သည်။

" ကျွန်တော်တို့ အခုလို လူထုတွေ့ဆုံပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်က
(၁) ပါတီဌာနခွဲမှ ရေးဆွဲထားသည့် အခြေခံမူကြမ်းမှာပါရှိသည့် ပြည်သူများသိသင့်သိထိုက်တဲ့အချက်တွေကို ပြည်သူများကို ချပြရန်၊
(၂) ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်ပေါ်ပြောင်းလဲနေသည့် ဒီမိုကရေစီလှိုင်းဂယက်နှင့် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်၏ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဂဏ္ဍများကို ပြည်သူသို့ အသိပေးတင်ပြရန်၊
(၃) ရခိုင့်အမျိုးသားနိုင်ငံရေးအတွက် ရခိုင်ပြည်သူလူထုအားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို ပြည်သူများနားလည်သဘောပေါက်စေရန်၊
(၄) ရခိုင့်အချုပ်အချုပ်အခြာအာဏာကျဆုံးပြီးချိန်မှစ၍ ယနေ့အချိန်အထိရခိုင့်နိုင်ငံရေး၊ တော်လှန်ရေး ကဏ္ဍများတွင်အောင်မြင်သင့်သည့်အတိုင်းအတာအထိမရနိုင်ဘဲ ဖြစ်နေရတာကို ဆန်းစစ်လေ့လာသုံးသပ်တင်ပြပြီး ပြည်သူသို့ တင်ပြရန်၊
(၅) ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မည်သည့်အတွက်ကြောင့် ဖက်ဒရယ်မူကို လက်ကိုင်ထားကာ ဥပဒေဘောင်အတွင်းမှ ရခိုင်ပြည်သူလူထုအတွက် တိုက်ပွဲဝင်နေရတာတွေကို ပြည်သူလူထုသို့ ရှင်းလင်းတင်ပြရန်နှင့်
(၆) စစ်ကောင်စီမှ မဟာဗျူဟာမြောက် ချမှတ်အကောင်အထည်ဖော်နေသည့် ရခိုင်လူမျိုးပျောက်ကွယ်ရေးစီမံချက်အကြောင်းကို ပြည်သူလူထုသို့ မီးမောင်းထိုးပြရန်တို့ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရမှ ကြီးမှူးကျင်းပသည့် (၁၉၉၀) ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးရရှိခဲ့သော ပါတီတစ်ရပ်ဖြစ်သည်။ သို့ရာတွင် စစ်အစိုးရမှ ရွေးကောက်ပွဲရလာဒ်များအား အသိအမှတ်ပြုခြင်းမရှိပဲ အာဏာဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ အမျိုးသားညီလာခံနှင့် န၀တ၏ အမိန့်အမှတ် (၁/၉၀)ကို ဗြောင်ကျကျဝေဖန်ခဲ့ခြင်းကြောင့် (၁၉၉၃)တွင် မတရားအသင်းအဖြစ် ကြေညာခြင်းခံခဲ့ရသည်။ ထို့နောက်
နိုင်ငံခြားရောက် ရခိုင်ပြည်သူလူထု၏ ကြိုးပမ်းမှုဖြင့် ယခုအခါ နိုင်ငံတကာတွင် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဌာနခွဲများအား ဖွင့်လှစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်လျှက်ရှိကြသည်။
ရခိုင့်ဒီမိုကရေစီပါတီ၏ ဌာနခွဲများအား  ထိုင်း၊ ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အမေရိကန်၊ နော်ဝေနှင့် အခြားဥရောပနိုင်ငံများတွင်လည်း ဖွဲ့စည်းတည်ထောင်ထားသည်။